ဝါရှင်တန် မေ ၂

ကမ္ဘာတလွှားနှင့် အကြမ်းဖက် ကွန်ယက်များတွင် ဖိန့်ဖိန့်တုန်အောင် ကျော်ကြားသော အစွန်းရောက် အစ္စလာမ်ဝါဒ၏ ခေါင်းဆောင်ကြီး အိုစမာ ဘင်လာဒင်သည် အမေရိကန် တပ်ဖွဲ့များ၏ သုတ်သင်ခြင်းကို ခံလိုက်ရပြီ ဖြစ်ကြောင်း အမေရိကန်သမ္မတ ဘာရက် ဟူစိန် အိုဘားမားက အတည်ပြု ပြောကြားလိုက်သည်။

မြေပြင် စစ်ဆင်ရေး တစ်ခုအတွင်း အဆိုပါ အယ်ကေဒါခေါင်းဆောင် သေဆုံးရခြင်း ဖြစ်ကြောင်း ထောက်လှမ်းရေးသတင်းများကို အခြေခံကာ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ မြေပြင်ပစ်ခတ်ပွဲတစ်ခုအပြီး ဘင်လာဒင်၏ အလောင်းကို ရရှိခဲ့ခြင်းဟု အိုဘားမားက ဆိုသည်။ ၂၀၀၁ ခုနှစ် စက်တင်ဘာ (၁၁) ရက်နေ့တွင် နယူးယောက်မြို့ ကမ္ဘာ့ကုန်သွယ်ရေး ဗဟိုဌာနကို တိုက်ခိုက်လိုက်ခြင်း၏ နောက်ကွယ်တွင် ဘင်လာဒင်ရှိနေကြောင်း စွပ်စွဲခံထားရသည်။ အမေရိက၏ အလိုအရှိဆုံးစာရင်းတွင် ၎င်းသည် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိသည်။ ဘင်လာဒင်သေဆုံးကြောင်း သတင်းထွက်ပေါ်လာပြီးသည်နှင့် ဝါရှင်တန်မြို့တော် အိမ်ဖြူတော်ရှေ့တွင် လူအုပ်ကြီးက “USA USA” စသည်ဖြင့် ဟစ်ကြွေးနေကြသည်။ အမေရိကန်နှင့် ၎င်း၏မဟာမိတ်များက ဘင်လာဒင်ကို မရမက ရှာဖွေနေခဲ့ကာ အမေရိကန်က ၎င်းကို ဒေါ်လာ ၂၅ သန်း ဆုငွေထုတ်ထားသည်။ ၎င်း၏ သေဆုံးမှုမှာ အယ်ကေဒါကွန်ယက်အတွက် ကြီးမားသော ထိုးနှက်ချက်တစ်ရပ် ဖြစ်လာကာ၊ လက်စားချေတိုက်ခိုက်မှုများလည်း ရှိလာနိုင်သည်ဟု BBC သတင်းတစ်ရပ်က ဆိုသည်။ ထောက်လှမ်းရေးသတင်းအရ ပါကစ္စတန်ရှိ ခြံဝန်းတစ်ခုတွင် ပုန်းအောင်နေကြောင်း သိရရာ သမ္မတ ဖမ်းမိန့်ပေးခဲ့ပြီး၊ ယင်းစစ်ဆင်ရေးတွင် ဘင်လာဒင်သေဆုံးခဲ့လေရာ ကန်တပ်ဖွဲ့ဝင်များက ၎င်း၏အလောင်းကို သယ်ခဲ့ပေးသည်ဟု သမ္မတ အိုဘားမားက အတည်ပြုသည်။

Ref: BBC

About inzalisoe

စိတ်ချမ်းသာဖို့သာအဓိကပါပဲ

Leave a comment