အမေ့အိမ်သို့ …….တမ်းတာလွမ်းဆွတ်ခြင်း

အမေ
သမီးအမေ့မွေးနေ့မှာ စာရေးတယ်။ သမီးလေ အမေ့မွေးနေ့ကို ခုအဝေးရောက်နေတဲ့အချိန်မှာမှ တန်ဖိုးထားတတ်လာတယ်။ အဲ့လို တန်ဖိုးထားပြီး အမှတ်တရ ရှိနေတဲ့အချိန်မှာတော့ အမေ့နားမှာရှိမနေဘူးလေ။ သမီးလေ မျက်ရည်တွေကျပြီး ဒီစာကိုရေးရတယ်အမေ။ အိမ်ကိုသတိရလွန်းလို့လေ။ အမှန်တော့ ဒီလိုမျိုးနေ့မျိုးမှာ မိသားစုပျော်ပျော်ရွှင်ရွှင် စုံစုံလင်လင်နဲ့ ဘုရားသွားပြီး တစ်ခုခုလုပ်စားရမှာနော်။ သမီးအတူရှိမနေတာကို အရမ်းဝမ်းနည်းတယ်။ ဖုန်းဆက်တာကိုပဲ သမီးလုပ်ပေးနိုင်တယ်လေ။ အမေပျော်ရွှင်ပါစေ၊ စိတ်ချမ်းသာကိုယ်ကျန်းမာနဲ့ သားသမီးတွေကို မေတ္တာတွေအပြည့်နဲ့ အမြဲချစ်နေနိုင်ပါစေလို့ သမီးအဝေးကနေ ဆုတောင်းလိုက်ပါတယ်။ သမီးပေးတဲ့ဒိုင်ယာရီ စာအုပ်ကို အမေကျောင်းမှာသုံးပေးပါနော်။ ငါ့သမီးဝယ်ပေးတာဆိုပြီး ကြွားနိုင်တာပေါ့။ သမီးတခြားတန်ဖိုးရှိတာတွေကို မပေးနိုင်တာတော့ စိတ်မကောင်းဖြစ်မိပါတယ်။ သမီး အိမ်ကိုသတိရလေလေ သမီးမိဘတွေကို စိတ်ချမ်းသာအောင်ထားနိုင်တဲ့ ကျေးဇူးဆပ်နိုင်တဲ့ သမီးလိမ္မာ အမြန်ဆုံးဖြစ်ရပါစေလို့ အမြဲဆုတောင်းတယ်။ အမြဲကြိုးစားနေတယ်နော်။ တစ်ယောက်ထဲ အဝေးမှာ နေရတဲ့အခါ ခက်ခဲမှုတွေတော့ ကြုံရတာပေါ့ အမေရယ်။ ဒါပေမဲ့ ဘယ်တော့မှာ စိတ်မလျော့လိုက်ဘူး။ အမြဲအားတင်ထားတယ်။ အိမ်ကိုသတိရနေတယ်။ ဘာကြောင့်မှန်းမသိဘူး။ အမေက ဒီမှာပြန်လာနေပါပြောရင်လည်း မပြန်ချင်ဘူး။ ဒါပေမဲ့ အိမ်ကို သတိရနေတယ်။ နေ့တိုင်း သမီး စဉ်းစားမိတာက ကိုယ့်အပေါ်ချစ်တဲ့ နွေးထွေးမှုရှိတဲ့ မိဘတွေရဲ့မေတ္တာကို သမီးက ခေါင်းခါငြင်းနေပြီး နွေးထွေးမရတဲ့ အသဲမာတတ်တဲ့ သမီးချစ်ရတဲ့သူနားမှာ သမီးဝမ်းနည်းမှုတွေနဲ့ ပျော်မွေ့နေတယ်လေ အမေ။ သမီးမလိမ္မာဘူး။ ဒါပေမဲ့လေ အဖေနဲ့အမေကို စိတ်ချမ်းသာစေချင်တယ်။ သမီးဘဝမှာ မျှော်လင့်ချက် ရည်မှန်းချက်တွေလည်းမထားနိုင်ပါဘူး။ သူတစ်ချိန်မှာထားသွားရင်လည်း သမီးနေခဲ့ရမှာပါပဲ။ သမီးမှာ မျှော်လင့်ခွင့်မရှိပါဘူး။ ခုခဏလေး သမီးစိတ်ကျေနပ်မှု အနည်းငယ်ရနေတယ်ဆိုတာ မတည်မြဲနိုင်ဘူးဆိုတာ သမီးသိထားပါတယ်။ မေတ္တာဆိုတာ အသွားနဲ့ အပြန်ရှိတယ်ဆိုပြီး
ခုတော့ သူ့ဆီက မျှော်လင့်ချက်တစုံတရာမှ သမီးမရသေးပါလား။

ဘင်လာဒင်သေပြီဟု အမေရိကန်သမ္မတက အတည်ပြု

ဝါရှင်တန် မေ ၂

ကမ္ဘာတလွှားနှင့် အကြမ်းဖက် ကွန်ယက်များတွင် ဖိန့်ဖိန့်တုန်အောင် ကျော်ကြားသော အစွန်းရောက် အစ္စလာမ်ဝါဒ၏ ခေါင်းဆောင်ကြီး အိုစမာ ဘင်လာဒင်သည် အမေရိကန် တပ်ဖွဲ့များ၏ သုတ်သင်ခြင်းကို ခံလိုက်ရပြီ ဖြစ်ကြောင်း အမေရိကန်သမ္မတ ဘာရက် ဟူစိန် အိုဘားမားက အတည်ပြု ပြောကြားလိုက်သည်။

မြေပြင် စစ်ဆင်ရေး တစ်ခုအတွင်း အဆိုပါ အယ်ကေဒါခေါင်းဆောင် သေဆုံးရခြင်း ဖြစ်ကြောင်း ထောက်လှမ်းရေးသတင်းများကို အခြေခံကာ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ မြေပြင်ပစ်ခတ်ပွဲတစ်ခုအပြီး ဘင်လာဒင်၏ အလောင်းကို ရရှိခဲ့ခြင်းဟု အိုဘားမားက ဆိုသည်။ ၂၀၀၁ ခုနှစ် စက်တင်ဘာ (၁၁) ရက်နေ့တွင် နယူးယောက်မြို့ ကမ္ဘာ့ကုန်သွယ်ရေး ဗဟိုဌာနကို တိုက်ခိုက်လိုက်ခြင်း၏ နောက်ကွယ်တွင် ဘင်လာဒင်ရှိနေကြောင်း စွပ်စွဲခံထားရသည်။ အမေရိက၏ အလိုအရှိဆုံးစာရင်းတွင် ၎င်းသည် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိသည်။ ဘင်လာဒင်သေဆုံးကြောင်း သတင်းထွက်ပေါ်လာပြီးသည်နှင့် ဝါရှင်တန်မြို့တော် အိမ်ဖြူတော်ရှေ့တွင် လူအုပ်ကြီးက “USA USA” စသည်ဖြင့် ဟစ်ကြွေးနေကြသည်။ အမေရိကန်နှင့် ၎င်း၏မဟာမိတ်များက ဘင်လာဒင်ကို မရမက ရှာဖွေနေခဲ့ကာ အမေရိကန်က ၎င်းကို ဒေါ်လာ ၂၅ သန်း ဆုငွေထုတ်ထားသည်။ ၎င်း၏ သေဆုံးမှုမှာ အယ်ကေဒါကွန်ယက်အတွက် ကြီးမားသော ထိုးနှက်ချက်တစ်ရပ် ဖြစ်လာကာ၊ လက်စားချေတိုက်ခိုက်မှုများလည်း ရှိလာနိုင်သည်ဟု BBC သတင်းတစ်ရပ်က ဆိုသည်။ ထောက်လှမ်းရေးသတင်းအရ ပါကစ္စတန်ရှိ ခြံဝန်းတစ်ခုတွင် ပုန်းအောင်နေကြောင်း သိရရာ သမ္မတ ဖမ်းမိန့်ပေးခဲ့ပြီး၊ ယင်းစစ်ဆင်ရေးတွင် ဘင်လာဒင်သေဆုံးခဲ့လေရာ ကန်တပ်ဖွဲ့ဝင်များက ၎င်း၏အလောင်းကို သယ်ခဲ့ပေးသည်ဟု သမ္မတ အိုဘားမားက အတည်ပြုသည်။

Ref: BBC

ကချင်ပြည်နယ်မှပေးစာ

ကချင်ပြည်နယ်မှ ပေးစာဆိုင်းဆွတ်ရေးသားသည်။

ဝိုင်းမော်၊ ဧပြီ ၂၈၊ ၂၀၁၁ (YPI) – တစ်နေ့တော့ ကျွန်မ ၀ိုင်းမော်ဘက်ကို ဆိုင်ကယ်နဲ့သွားဖြစ်ခဲ့ပါတယ်။ ၀ိုင်းမော်မြို့ဟာ ကချင်ပြည်နယ်ရဲ့ မြို့တော် မြစ်ကြီးနားမြို့ရဲ့ ဟိုမှာဘက်ကမ်းမှာရှိတဲ့ မြို့တစ်မြို့ပါ။ မြစ်ကြီးနားနဲ့ ၀ိုင်းမော်ကြားမှာတော့ ဧရာဝတီမြစ်ကြီးက တသွင်သွင်စီး ဆင်းလို့နေပါတယ်။
ဝိုင်းမော်မြို့ပေါ်မှာ ဆိုင်ကယ်ပတ်စီးရင်း ပတ်ဝန်းကျင်ကို ကျွန်မလေ့လာနေချိန်မှာ ကျွန်မ သတိထားလိုက်မိတာက ယောက်ျားလေး တော်တော်များများရဲ့ မျက်လုံးတွေဟာ ရီဝေေ၀ဖြစ်နေကြတာကို ကျွန်မ သတိထားလိုက်မိပါတယ်။ တကယ်တော့ ဒီဒေသဟာ မူးယစ်ဆေးဝါး အလွန်ပေါများတဲ့နေရာပါ။
ဒီလိုနဲ့ ကျွန်မ လမ်းပေါ်မှာ ဆိုင်ကယ်နဲ့ အနည်းငယ်ကြာ ဦးတည်ရာမဲ့ မောင်နှင်းနေလိုက်ပါတယ်။ ရုတ်တရက် ကျွန်မ ရှေ့မှာ ယောက်ျားလေးတစ်ယောက် ဘွားခနဲပေါ်လာတယ်။ သူ့မျက်လုံးတွေကလည်း ရီဝေလို့။
သူ ကချင်အမျိုးသားတစ်ယောက်ဖြစ်လိမ့်မယ်လို့ ကျွန်မ သိလိုက်တယ်။ ပုံစံက အရပ်ပုပု၊ ကြက်ပေါင်ဖိနပ်အပြာနဲ့ ဘောင်းဘီက စစ်ဘောင်းဘီနဲ့။ ကြည့်လိုက်ရုံနဲ့ မူယစ်ဆေးဝါး သုံးစွဲသူမှန်း သိသာတယ်။
ကျွန်မ သူ့ကိုမေးလိုက်တယ်။ ဒီမှာ ဘိန်းစားတွေ တော်တော်များများ စုဝေးတဲ့နေရာ ဘယ်နေရာလဲလို့ ကျွန်မ မေးလိုက်မိပါတယ်။ သူကတော့ ကြောက်သွားပုံပ။ဲ “ဘာလုပ်မလို့လဲ ကျွန်တော်မသိဘူးဗျာ” ဆိုပြီး ပြန်ပြောတယ်။ ကျွန်မမေးခွန်း တဲ့တိုးကြီးဖြစ်သွားတယ်ဆိုတာ သိတယ်။ ကျွန်မက ကချင်စကားနဲ့ပြန်ပြောလိုက်တယ်။ “ဘာမှမဟုတ်ပါဘူး။ ကျွန်မ က စာရေးမလို့ပါ။ သူတို့ရဲ့ ခံစားချက်လေးတွေကို ရေးမလို့ပါ” ဆိုပြီး ကျွန်မက စကားကို ညင်သာစွာ ပြန်ပြောလိုက်ပါတယ်။
ကချင်လူမျိုးတွေဟာ အချင်းချင်းဆို ကူညီတတ်တဲ့ စိတ်ကလေး အပြည့်ရှိတယ်ဆိုတာ ကျွန်မသိတယ် ။ သူ့ကို ကချင်စကားနဲ့ပြန်ပြောလိုက်တာ ကျွန်မအတွက် အခြေအနေ အများကြီးပြောင်းလဲသွားစေတယ်။ သူကပြန်မေးပါတယ်။ “ရဲတွေနဲ့ အဆက်အသွယ်တော့ မရှိပါဘူးနော်” တဲ့။
ပြီးတော့ “ကျွန်တော်လဲ အဲဒီကိုသွားမလို့။ လိုက်ချင်ရင်လိုက်ခဲ့”ပါ ဆိုပြီးခေါ်သွားတယ်။
ကျွန်မရဲ့ ဆိုင်ကယ် အနောက်မှာ သူ့ကိုထိုင်ခိုင်းတယ်။ ကျွန်မတို့နှစ်ယောက် ဆယ်မိနစ်ခန့် သွားမိတဲ့အခါ သူတို့စားကျက်လို့ ထင်ရတဲ့ နေရာကို ရောက်လာတယ်။ သွပ်မိုးထရံကာ အဆောက်အအုံတစ်ခုပါ။ ကျွန်မရောက်သွားတဲ့အချိန်က မနက် ၁၀ နာရီခွဲလောက်။
အဲဒီမှာ အမျိုးသား လေးယောက် လဲလျောင်းနေတာကို ကျွန်မမြင်လိုက်ရပါတယ်။ ကျွန်မ သိလိုက်တယ်…သူတို့ ဘိန်းမှိန်းမှိန်းနေတယ်ဆိုတာကို။
“ဒီနေ့လူသိပ်မရှိဘူး။ ဆေးမရလို့ထင်တယ်” လို့ ကျွန်မကိုခေါ်လာတဲ့လူက ပြောတယ်။ ပြီးတော့ “ဒီမှာ အခုတွေ့နေရတဲ့ သူတွေက ထိုးပြီးလို့ မှိန်းနေကြတဲ့သူတွေပါ” လို့ ပြောပြတယ်။
ဆေးထိုးတာတော့ ဘယ်နေရာမှာ ထိုးကြလဲလို့ ကျွန်မ ပြန်မေးလိုက်တယ်။
“ထိုးတဲ့နေရာတော့ အတည်တကျကို မရှိပါဘူး။ ရဲတွေသိသွားရင် တစ်နေရာပြောင်းလိုက်။ အဲဒီနေရာကို သိသွားရင် နောက်တစ်နေရာကို ပြောင်းလိုက်ပေါ့” တဲ့။
ကျွန်မရောက်သွားတဲ့ သွပ်မိုးထရံကာ အဆောက်အအုံထဲမှာ ငါးမိနစ်လောက်အတွင်းမှာပဲ မူးယစ်ဆေးဝါးသုံးစွဲသူတွေ တစ်စ၊ တစ်စ များများလာနေတယ်။ ဒီနေရာမှာ တချို့က မနက်စာ ဆေးထိုးပြီး လာမှိန်းနေကြတယ်။ တစ်ချို့ကဆေးပြေသွားလို့ နေလည်စာ ဆေးထိုးဖို့အတွက် ဘယ်ကနေ၊ ဘယ်လိုယူရပါ့မလဲ ပူပန်နေကြတယ်။
ဘယ်သူငယ်ချင်းကများ သူတို့ကို ဆေးလာပေးမလဲ၊ ဘယ်သူငယ်ချင်းက ဆေးသွားဝယ်ခိုင်းမလဲ၊ ဆေးရအောင်ဘယ်လို လုပ်ကြမလဲဆိုပြီး စိုးရိမ်စိတ်တွေနဲ့။
သူတို့ဘ၀က တကယ်ကို သနားစရာကောင်းပါလားလို့ ကျွန်မ ခံစားလိုက်မိတယ်။ အိမ်ထောင်တစ်ခုမှာ မနက်စာ၊ နေ့လည်စာ၊ ညနေစာရှာကြရတဲ့ သူတွေထက်တောင် သူတို့တတွေက အပန်းကြီးနေကြသလိုမျိုး။
သူတို့ကို ကြည့်ရတာ ကျွန်မစိတ်မချမ်းသာဘူး။ မနက်စာ ဆေးသုံးပြီးရင် နေ့လည်စာအတွက် ဘယ်ကရမလဲ၊ ညနေအတွက် ဘယ်လိုရှာရမလဲ…စတဲ့ စိုးရိမ်ပူပန်စိတ်တွေက ဒီဆေးကို သူတို့ သုံးစွဲနေသ၍ ပူပန်သွားကြရဦးမှာပေါ့။
မူယစ်ဆေးဝါး အကြောထဲ ထိုးသွင်းတာဟာ အန္တရာယ်သိပ်များလို့ အစာထိုးကုသတဲ့ဆေး မတ်သတုန်းကို မြစ်ကြီးနားမှာ ရနိုင်ပါတယ်။ မတ်သတုန်းဆိုတာဟာ ဘိန်းဖြူလို အရှိန်ပြင်းပြင်းခံစားရတာမဟုတ်ဘဲ မတ်သတုန်း မနက်သောက်ထားရင် တစ်နေကုန် တဖြည်းဖြည်းချင်း အရှိန်တက်ပြီး တစ်နေကုန် မှိန်းနေလို့ရပါတယ်။
ဒါပေမယ့် အဲဒီဆေးသောက်ဖို့ ငွေ ခြောက်သောင်းထည့်သွင်းပြီးမှ သောက်ရပါတယ်။ ငွေးကြေးအခက်အခဲရှိတဲ့ သူတွေမှာ ခြောက်သောင်းဆိုတာကို တစ်ပြိုင်နက် မပေးနိင်တာကြောင့် ဆေးထိုးတာ ဖြတ်ချင်ပေမယ့် မဖြတ်နိုင်ကြဘူးဖြစ်နေတယ်လို့ မူယစ်ဆေးဝါသုံးစွဲသူတစ်ဦးက ပြောပါတယ်။
ကျွန်မသူတို့ကိုကြည့်ပြီး သနားလာပါတယ်။ ပတ်ဝန်းကျင်မှာ သူတို့ကို ရှောင်ဖယ်၊ ကြိမ်းမောင်း၊ ချိုးနှိမ်ဆက်ဆံမှုတွေကလည်း ဒုနဲ့ဒေးရှိလို့နေပါတယ်။
ဒါကြောင့်လည်း ဆေးစွဲသူတွေဟာ မကောင်းမှန်းသိလျက်နဲ့ ဒီဆေးကို မစွန့်နိုင်ကြတော့ဘဲ ဒီစက်ကွင်းထဲမှာပဲ မထူးဇာတ်ခင်းကြရင်းနဲ့ နစ်ပြီးရင်းနစ်နေကြတော့တာပဲဖြစ်ပါတယ်။
ဒီလိုနဲ့ သူတို့နဲ့ ကျွန်မရင်နီးမှုတွေ ယူလိုက်ပါတယ်။ အားလုံးနီးပါး ကချင်လူမျိုးတွေဆိုတော့ အမျိုးတွေမိတ်ဆက်ကြတဲ့အခါ မောင်နှမတွေတော်လိုက်၊ ဦးလေးတွေ တော်လိုက်နဲ့ ရင်းနှီးသွားကြတယ်။
ကျွန်မက မူယစ်ဆေးဝါး အကြောထဲထိုးသွင်းတာကို မမြင်ဖူးဘူး၊ ကျွန်မ တွေ့ဖူးချင်တယ်လို့ သူတို့ကိုပြောလိုက်တော့ သူတို့က ဒီနေရာမှာ ဆေးမထိုးဘူး။ဝိုင်းမော်မြို့ရဲ့ လယ်ကွင်းပြင်တစ်ခုမှာ တည်ရှိတဲ့ သုဿန်မှာသွားထိုးကြတယ်တဲ့။ အရင်ကဆို မြို့လယ်က ဘုရား နောက်မှာ ဆေးထိုးကြတယ်။ အခုအဲဒီနေရာက ရဲတွေသိသွားလို့ဆိုပြီးအခု သုဿန်ကိုပြောင်းသွားကြတယ်လို့ လဲလျောင်းနေတဲ့ လူတစ်ဦးက လှမ်းအော်ပြောတယ်။
ကျွန်မ အဲဒီနေရာကို ဆက်သွားဖြစ်ခဲ့ပါတယ်။ သုဿန်သွားလမ်းမှာ လူငယ် အသက် ၂၀ အရွယ်တစ်ဦးက အသက် ၄၀ ကျော် ဦးလေး တစ်ယောက်ဆီက ဆေးဝယ်နေတာကို ကျွန်မ လှမ်းမြင်လိုက်ရတယ်။ ကျွန်မကို သူတို့ ဂ၇ုမစိုက်အားကြဘူး။ သူတို့က ယင်းထနေကြတဲ့ပုံစံ၊ ဆေးကို သဲကြီးမဲကြီး ရောင်းဝယ်နေကြတယ်။ အသက်၄၀ ကျော် ဦးလေး ကြီးကတော့ ဟောင်းနွမ်းနေတဲ့ လွယ်အိတ်တစ်လုံးကို လွယ်ထားပြီး တိုက်ငါးလုံးဆေးဗူး ၅ဗူးလောက်လက်မှာ ကိုင်ထားတယ်။ (တိုက်ငါးလုံးဗူးဆိုတာ တရုတ်ပြည်က လာတဲ့ ဗူးပေါ်မှာ တိုက်ငါးလုံးပုံပါတဲ့ လက်နှစ်ဆစ်လောက်ပဲရှိတဲ့ ငှက်ဖျားဆေးဗူးပါ။ ဗူးအခွံပေါ်က တိုက်ငါးလုံးပုံကို ကြည့်ပြီး တိုက်ငါးလုံးဗူးလို့ ခေါ်ကြတာပါ။ အဲဒီငှက်ဖျားဆေးဗူးအခွံကို ဆေးမှုန့်ထည့်ပြီး ချိန်တွယ်တဲ့အခါမှာ သုံးကြတယ်။ လက်နှစ်ဆစ်လောက်ပဲရှိတဲ့ အဲဒီဗူးနဲ့ ဆေးအပြည့်ဆိုရင် ငွေတစ်သောင်းလောက် ဈေးပေါက်ပါတယ်။)
လူငယ်က တစ်ထောင်ဖိုးလောက် ပေးပါဆိုတော့ ဦးလေးကြီးက သူလက်ထဲက တိုက်ငါးလုံး ဗူးထဲက ပါရာစီတမော့ တစ်ခြမ်းကြိတ်စာလောက်ပဲရှိတဲ့ ဆေးမှုန့်ကို ပေးလိုက်တယ်။ လူငယ်ကလည်း ထပ်ထည့်ပါဦးဆိုတော့ ဦးလေးကြီးက တော်ပြီလေ၊ အခုဆေးမရဘူး၊ ရှားတယ် ဆိုပြီး ပြန်ပြောတယ်။ ဒီလိုနဲ့ လမ်းဘေးမှာ သူတို့နှစ်ယောက် ငြင်းခုန်နေကြတယ်။ ကျွန်မက သူတို့ ဘေးမှာသွားရပ်ပြီး မသိသလိုနဲ့ ကျွန်မ သွားမေးလိုက်တယ်။ ဦးလေးတို့ဘာလုပ်နေကြတာလဲ၊ ဒါကဘာလဲလို့ သူကိုင်ထားတဲ့ ဘိန်းဖြူဗူးကို ကျွန်မ လက်ညှိးထိုးပြီး မေးလိုက်တယ်။
သူက ကျွန်မကိုကြည့်ပြီးဝယ်မလို့လားလို့ မေးတယ်။ ကျွန်မ က မ၀ယ်ပါဘူး။ မမြင်ဖူးလို့ ကြည့်နေတာပါဆိုပြီး ကျွန်မ အရမ်းအံသြတဲ့ပုံစံနဲ့ သူတို့ကိုရပ်ကြည့်နေလိုက်တယ်။
သူက ကျွန်မ ကို ကြောက်စရာ မဟုတ်တဲ့ကလေးလေး တစ်ယောက်လို ထင်သလားမသိ။
ဦးလေး ဆေးသွားထိုးမလို့လားလို့ ကျွန်မက ကချင်စကားနဲ့ လှမ်းမေးလိုက်တယ်။ သူက ဟုတ်တယ်လေတဲ့။
ကျွန်မက လိုက်လို့ ရမလားလို့မေးလိုက်တော့၊ သူက အော်ထိုးတာ မတွေဖူးဘူးလား ဆိုပြီး သူအံသြစွာနဲ့ ပြန်မေးလိုက်တယ်။ ဒါဆိုလိုက်ခဲ့လေဆိုပြီး ကျွန်မ ဆိုင်ကယ်နောက်ကို တက်ထိုင်လိုက်တယ်။
ကျွန်မ ချက်ခြင်းပဲ ကြောက်စိတ်တွေ၊ စိုးရိမ်စိတ်တွေ ၀င်လာမိတယ်။ ကျွန်မ ဆိုင်ကယ်နောက်မှာ မူးယစ်ဆေးနဲ့တကွ လူတစ်ယောက်ကို သယ်ဆောင်လာမိသလိုဖြစ်နေတယ်။
ဘိန်းဖြူဗူးတွေ အများကြီးပါလာတဲ့ လူက ကျွန်မ ဆိုင်ကယ်ပေါ် ရောက်နေတယ်။ ကျွန်မ တို့ကို ရဲတွေတွေ့သွားရင်ဆိုတဲ့ စိတ်ကကျွန်မ စိတ်ကို တုန်လှုပ်သွားစေတယ်။
သိပ်တော့မဝေးပါဘူး။ ခြုံတောတွေဖြတ်ပြီး လယ်ကွင်းတစ်ခုကို ရောက်သွားတယ်။ ဖြူဖွေးပြီးငြိမ်သက်နေတဲ့ သုဿန်က အနံ့အသက်ပေါင်းစုံ ကျွန်မနှာခေါင်းထဲ ပြေးဝင်လာတယ်။ သုဿန် ရောက်ပြီးတဲ့နောက် ကျွန်မ တစ်ကိုယ်လုံးတုန်လူပ်နေတာကို သတိထားမိလိုက်တယ်။
ကျွန်မ ဆိုင်ကယ်နောက်က အသံတစ်သံထွက်လာတယ်။ ရောက်ပြီ ဒီနေရာပဲ ဆိုပြီး ကျွန်မ ကို လက်ညှိထိုးပြလိုက်တဲ့ နေရာက အလောင်းတွေကို ခဏ ထားတဲ့ ဇရပ်တစ်ခုဖြစ်နေတယ်။ ဒီဇရပ် အနောက်ဘက်မှာ ဂူတွေရှိတယ်။ အဲဒီဂူတွေကြားထဲ ကျွန်မတို့ ၀င်သွားတယ်။ ကျွန်မလည်း မူယစ်ဆေး အကြောထဲထိုးသွင်းတာကို မြင်ချင်ဇောနဲ့ လိုက်ဝင်သွားတယ်။
ကျွန်မ အခုပြန်တွေးလိုက်ရင် ခြောက်ခြားစရာကြီးပဲ။ သူဝင်သွားတဲ့နေရာက ဆေးထိုးအပ်တွေ လမ်းခင်းထားတဲ့နေရာပါ။ တချို့ဆေးထိုးအပ်တွေဆို သွေးစတောင် မခြောက်သေးပါဘူး။ မတွေးရဲစရာပါ ။ ကျွန်မ ဒီအပ်တွေနဲ့ ထိမိမယ်ဆိုရင်….။
ဦးလေးဟာ ဂူဖြူဘေးနားမှာ ထိုင်လိုက်ပြီး သူလက်ထဲက သွေးကြောကို ရှာနေတယ်။ သူလက်ကသွေးကြောတွေကို မတွေ့တာနဲ့ ပေါင်နဲ့ ဂခေါက်ကွေးကြားကို သူလက်ကို ညှပ်လိုက်တယ်။ ဒီတော့မှ သူအကြောကို ရှာတွေ့ပြီး အပ်ကို တဖြည်းဖြည်းချင်း ထိုးသွင်းတယ်။ ဆေးထိုးအပ်ထဲက ဘိန်းဖြုကို ချက်ချင်း မထိုးသွင်းသေးဘဲ ကိုယ်ခန္စာထဲက သွေးတွေကို စုတ်ယူတယ်။ ဒီသွေးတွေနဲ့ အတူ ဘိန်းကို တစ်ဖြည်းဖြည်းချင်း ထိုးသွင်းတယ်။
သူဆေးသာထိုးနေတယ်။ ကျွန်မ မေးတဲ့မေးခွန်းတွေကို တစ်လုံးချင်းစိတ်ရှည်စွာ ဖြေနေပါတယ်။ သူဆေးထိုးပြီးသွားပြီ။ ဒါပေမဲ့ သူလက်က ဆေးထိုးအပ်ကို မဖြုတ်သေးဘဲ အပ်ကို တန်းလန်းစိုက်ထားသေးတယ်။ ကျန်မက စိုးရိမ်စိတ်နဲ့ ဦးလေး ဒီအပ်ကို ဖြုတ်လိုက်ပါလားလို့ ပြောလိုက်မိတယ်။ ဒီလိုနဲ့ သူအကြောထဲက သွေးစတွေ ပြည့်နှက်နေတဲ့ ဆေးထိုးအပ်ကို ဆွဲနုတ်လိုက်တယ်။ ပြီးတော့ သူခြေထောက်အောက်မှာပဲ ပစ်ချလိုက်တယ်။
အဲဒီဦးလေးက ကျွန်မကို ပြန်ရအောင်လေဆိုပြီး လှမ်းပြောလိုက်တော့ ကျွန်မ ချက်ချင်း စဉ်စားမိလိုက်တာက သူက ဆေးထိုးပြီး မျက်လုံးတွေက သာမန်မဟုတ်တော့ဘူး။ ငိုက်လည်း ငိုက်နေတယ်။ ကျွန်မ ဆိုင်ကယ်နောက်မှာ ထိုင်လိုက်လို့် သူ့အတွက် အန္တရာယ်များနိင်တယ်။ ကျွန်မ အတွက်လည်း အန္တရာယ်များတယ်ဆိုပြိး ကျွန်မစဉ်စားလိုက်ပြီး ဥင်္ီးလေးပြန်နှင့်ပါ။ ကျွန်မကြည့်စရာတွေရှိလို့ပါပြောပြီးသူကို ပြန်ခိုင်းလိုက်ပါတယ်။
ကျွန်မ ဆေးထိုးအပ်တွေကို မြင်လိုက်ရတာ တကယ်ပဲ ၀မ်းနည်းကျေကွဲရပါတယ်။ မူးယစ်ဆေးဝါးကြောင့် တစ်နေ့ ကချင်လူမျိုးတွေ ပျက်သုဉ်းသွားတော့မလားလို့ စဉ်စားမိလိုက်တဲ့အခါ ကျွန်မ တော်တော် ခံစားလိုက်ရပါတယ်။

ကချင်ပြည်နယ်တွင်း ဧရာဝတီရေကြီး မည့်အခြေအနေရောက်နေ

ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားတွင် ၂၄ နာရီအတွင်း ရေကြီးလာနိုင်သည်ဟု မြန်မာစစ်အစိုးရ အာဏာပိုင်များမှ သတိပေး နိုးဆော်ကြေငြာပါသည်။
ဇူလိုင် ၂၁၊ ယနေ့နံနက် မြန်မာစံတော်ချိန် ၁၁ နာရီမှ နေ့လည်မွန်းလွဲ ၁နာရီထိ မရက မှ ဦးဆောင်ကာ သုံးဘီးဆိုင်ကယ်ဖြင့် မြစ်ကြီးနားမြို့တွင်း နေရာအနှံ့ ကြေငြာနေသည်။

“၂၄ နာရီအတွင်း ရေကြီးလာနိုင်တယ်၊ ပစ္စည်းများထုပ်ပိုးထားရန်” ဟု လိုက်လံ သတိပေးနေကြောင်း မြို့ခံတစ်ဦးမှ ပြောသည်။

ဧရာဝတီမြစ် ရေမျက်နှာပြင်သည် ယမန်နေ့ ဇွန်လိုင် ၂၀ ရက်နေ့ ညက ရေအမှတ် ၈၀၀ စင်တီမီတာခန့် စိုးရိမ်အမှတ်ရောက်ရှိသွား သော ကြောင့်ဖြစ်သည်။

ရေအမှတ် ၁၀၀၀ စင်တီမီတာ ရောက်လျင် မြစ်ကြီးနား တာရိုး မြို့ဘက်သို့ရေလျှံသွားနိုင်သည်ဟု အာဏာပိုင်များ၏ သတိပေးနိုးဆော်ချက်တွင် ကြေငြာသွားကြောင်း ဒေသခံများပြောသည်။

စီတာပူ ရပ်ကွက်ဘေးမှ အင်ဂျန့်ချောင်းသည် ယမန်နေ့ညမှ ရေပြည့်လျှံသွားခဲ့ပြီး ဧရာဝတီမြစ်ရေ တက်လာမှုကြောင့် စီတာပူ ဒေသခံများ အိုးအိမ်ပစ္စည်းများနှင့် ရေပြည့်လျှံလာလျင် အသုံးပြုဖို့ ကော်ဗူးများ အရေးကြီးသည့် စာရွက်စာတမ်းများ သိမ်းဆည်းနေကြသည်။

“အိမ်မှာရော၊ အိမ်ဘေးနားမှာရော စီတာပူကတော့ အားလုံးသိမ်းနေကြတယ် အရေးကြီးတဲ့ ဆန်တွေ ပစ္စည်းတွေ၊ မီးသွေးတွေ အပေါ်တင်ထား၊ ရေတွေလည်း ခပ်ထားကြတယ် အလုံးသိမ်းထားကြပြီ၊ အားလုံး သတိနဲ့နေကြတယ်” ဟု စီတာပူ ဒေသခံတစ်ဦးမှ ပြောသည်။

ယင်းကဲ့သို့ ရေကြီးလာမှုအပါ် ချင်းမိုင်အခြေစိုက် ကချင်ပြည်နယ် သဘာဝထိန်းသိမ်းရေး တာဝန်ရှိသူ ဦးယောနမှ “၉၈ ခုနှစ်ကနေ ၂၀၀၄၊ ၂၀၀၅ နှစ်ကြားအထိ သစ်ခုတ်ထွင်းမှု အစီအစဉ်ကြောင့် ကချင်ပြည်နယ်ကတော့ တစ်ခြားမြို့တွင်နဲ့မတူအောင် ဒီသစ်တွေကို ဖျက်ဆီးလိုက်တာကြောင့် နယ်မြေဒေသ ပြောင်းလဲတာလာကာ ခဏခဏရေကြီးလာခြင်းဖြစ်တယ်၊ သစ်ခုတ်လိုက်တာကြောင့် ကချင်ပြည်နယ်မှာ သစ်တွေကုန်သလောက်ရှိနေပြီလို့လည်း ပြောလို့ရတယ်” ဟု လေ့လာသုံးသပ်ပြသည်။

မေခ၊ မလိခနှင့် ဧရာဝတီမြစ်ဆုံတွင် ရေအားလျှပ်စစ်ရရှိရန် ၂၀၀၆ ခုနှစ်မှစကာ အေးရှားဝေါလ် ကုမ္ပဏီမှ ရေကာတာ ၇ ခုတည်ဆောက်ရန် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်။

လွန်ခဲ့သည့် ၁၉၈၇၊ ၁၉၉၂၊ ၁၉၉၈ နှင့် ၂၀၀၄ ခုနှစ်များတွင် ဧရာဝတီမြစ် ရေကြီးခဲ့ဖူးပါသည်။ ၂၀၀၄ ခုနှစ် ရေကြီးမှုတွင် လူအများပြားသေဆုံးခဲ့ပြီး ထောင်ပေါင်းများစွာ ရေဘေးဒုက္ခ ကြုံခဲ့ရသည်။

နယ်စပ်မြို့လေးမှာ မှောင်ခိုပစ္စည်းတွေမိတာမဆန်းပါဘူးလေ……..

တရားမဝင်ပစ္စည်းများ သယ်ဆောင်လာသော ပြည်သူ့စစ်အသွင်ပြောင်းလိုက်သည့် ကချင်ငြိမ်းချမ်းရေးအဖွဲ့၏ ကားတန်းတခုကို လမ်းကြောင်းပေါ်ရှိ စစ်ဆေးရေးဂိတ်က ဖမ်းဆီးခဲ့သည်။

မကြာသေးမီက ပြည်သူ့စစ်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းခဲ့သည့် ကချင်ငြိမ်းချမ်းရေးအဖွဲ့က ဇန်နဝါရီ (၉) ရက်တွင် ခြောက်ဘီးတပ် သရီးကရောင်းကား (၈) စီး၊ ဟိုက်လတ်ကား (၂) စီးဖြင့် ဆန်၊နှမ်း အိတ်ပေါင်း (၂,ဝဝဝ) ကျော်၊ သစ်နှင့်သစ်သားပန်းပုရုပ်များကို ဗန်းမော်မြို့မှ သယ်ယူလာစဉ် ဗန်းမော်နှင့် တရုတ်-မြန်မာနယ်စပ် နမ်းခမ်းအကြား ဂိုက်ထိပ်စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟု ဗန်းမော်ဒေသခံ ကုန်သည်တဦးက ပြောသည်။

၎င်းက “အဲဒီအဖွဲ့က အစောပိုင်းကတည်းက ကယ်ရီသယ်ပေးနေတာရှိတယ်။ အင်ကျင်းကျောက်တို့ သယ်တာတွေရှိတယ်။ ခုဟာကတော့ သူတို့ပစ္စည်းတွေကော ပါတယ်။ သူတို့အရာရှိကိုယ်တိုင် လိုက်လာတာ။ တန်ဖိုးကတော့ သိန်း (၁,၀၀၀) ကျော် ရှိနိုင်ပါတယ်။ ကားတွေကောပါ သိမ်းလိုက်တာ။ လူတွေကိုတော့ အခုလောလောဆယ် ပြန်လွှတ်ပေးထားတယ်” ဟု ပြောသည်။

ယခု မှောင်ခိုပစ္စည်းများ သယ်လာသည့် ပြည်သူ့စစ်အဖွဲ့သည် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့မှ ခွဲထွက်ခဲ့သည့် ဗိုလ်မှူးကြီး လဆန်အောင်ဝါ ဦးဆောင်သည့် ကချင်ငြိမ်းချမ်းရေးအဖွဲ့ဖြစ်ပြီး မြစ်ကြီးနားမြို့၏ အရှေ့မြောက်ဘက် မိုင် (၂ဝ) ကျော်အကွာ လဝါးယန်ကျေးရွာနှင့် ဂွေထူကျေးရွာတို့တွင် အခြေစိုက်ထားသည်။

နအဖက နယ်စပ်တွင်ရှိနေသည့် အပစ်ခတ်ရပ်အဖွဲ့များကို နယ်ခြားစောင့်တပ် အသွင်ပြောင်းခိုင်းနေချိန်တွင် ၎င်းတို့အဖွဲ့အား ပြည်သူ့စစ်အဖွဲ့အဖြစ် အသွင်ပြောင်းခိုင်းသဖြင့် ၂ဝဝ၉ ခုနှစ်၊ အောက်တိုဘာ (၁၆) ရက်နေ့တွင် လဝါးယန်ပြည်သူ့စစ်အဖွဲ့နှင့် ဂွေထူပြည်သူ့စစ်အဖွဲ့အဖြစ် ဖွဲ့စည်းခဲ့သည်။

ယခုဖမ်းဆီးမှုသည် နယ်ခြားစောင့်တပ်ဖွဲ့နှင့်ပြည်သူ့စစ်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းခဲ့သည့် ငြိမ်းအဖွဲ့များထဲတွင် ပထမဆုံးအကြိမ် ဖြစ်ပြီး အလားတူ ဖမ်းဆီးသည့်ဖြစ်ရပ်များလည်း နောက်ထပ် ပေါ်လာနိုင်စရာရှိသည်ဟု အပစ်ခတ်ရပ်အဖွဲ့များနှင့် နီးစပ်သူ နယ်စပ်ဒေသခံတဦးက ပြောသည်။

၎င်းက “အပစ်ရပ်တွေ စီးပွားရေးလုပ်တဲ့နေရာမှာ အဖွဲ့ပိုင် စီးပွားရေးကိစ္စမျိုးကတော့ နားထားလို့မရဘူး။ တပ်သားအဆင့် ရတဲ့လစာ (၄) သောင်း ကျော် (၅) သောင်းလောက်နဲ့ နယ်စပ်ဒေသလို နေရာမျိုးမှာ ရပ်တည်လို့ မဖြစ်နိုင်ဘူး။ နအဖတပ် တွေတောင် လုံလောက်မှု မရှိလို့ တပ်ရန်ပုံငွေ ရှာရတာတွေ၊ ဦးပိုင်ထဲ ရှယ်ယာထည့်ဝင်တာတွေ လုပ်ပြီး ကျားကန်နေရချိန်မှာ မနေ့တနေ့ကမှ တပ်ပုံစံမျိုးရောက်သွားတဲ့ အဲလိုအဖွဲ့တွေအတွက် ရပ်တည်ရေး ပိုပြီးခက်ခဲတယ်” ဟု ပြောသည်။

(လုံခြုံရေးဂိတ်တွေရဲ့ လိုအပ်နေမှုတွေ၊ ချမှတ်မှုတွေ လိုအပ်နေတာပါ…..ခေတ်ပြိုင်သတင်းကကူးယူဖော်ပြတာပါ…။
ကိုယ့်နယ်ရဲ့မကောင်းသတင်းဆိုတော့ ဖတ်ပြီးစိတ်မကောင်းဖြစ်မိလို့ ဘလော့မှာတင်လိုက်တာပါ…။)

ဧရာဝတီမြစ်ကြီးရဲ့အလှကိုဖျက်ဆီးကြတော့မယ်………စိတ်မကောင်းဖြစ်တယ်…..

မကြာသေးမီရက်ပိုင်းကစ၍ မေခနှင့်မလိခ မြစ်ဆုံဒေသနှင့် ရေကာတာစီမံကိန်းအတွင်း ရေဝပ် ဧရိယာများအား ဒေသခံအာဏာပိုင်များက ရွှေတူးခွင့် ပြုလိုက်သည်။

ယခင်အစောပိုင်းနှစ်များက ဧရာဝတီမြစ်အတွင်း စက်ဖောင်များသုံး၍ ရွှေတူးခဲ့ကြသဖြင့် မြစ်ကြောင်းများပြောင်း ကာ မြစ်ကြီးနားမြို့အား ရေတိုက်စားသည့်အန္တရာယ်နှင့် ကြုံတွေ့ ခဲ့ရသည်။

လွန်ခဲ့သည့် ၂ဝဝ၅ ခုနှစ်နောက်ပိုင်း ကာလများမှစ၍ ဧရာဝတီမြစ်ကြောင်းတလျောက်နှင့် မြစ်နှင့် ကိုက်(၁ဝဝဝ)အကွာအဝေးအတွင်း ရွှေတူးခွင့်များကို ပိတ်ပင်ထားခဲ့ရာမှ ယခုနှစ်မှ စ၍ တူးခွင့်ပြန်လည်ရရှိသွားပြီဟု ရွှေတူး လုပ်ငန်းရှင် တဦးက ယခုလိုပြောသည်။

“အစောပိုင်းက ပိတ်လိုက်တာကို ပြန်ဖွင့်လိုက်တာ။ ဘာကြောင့်လဲဆိုတော့ ဒါတွေဟာ ရေဝပ် မှာပေါ့ လေ။ အဲဒါကြောင့်မို့ အလဟသမဖြစ်အောင် ပြည်နယ် ပယကလည်း ရန်ပုံငွေရ၊ လုပ်ငန်းရှင်တွေ ကို လည်း လုပ်ကွက်ပေးပြီးသားဖြစ်အောင် ပြီးခဲ့တဲ့(၁ဝ)လပိုင်းတုန်းကတည်းက အသံထွက်လာတာ။ အခု တော့ စပြီး အကွက်တွေ စချနေပြီ။ မြစ်ကြောင်းတလျောက်လုပ်ရင်လုပ်၊ ဒါမှမဟုတ် မြစ်ကမ်း ဘေး လုပ်ချင်လုပ်ပေါ့။” ဟု မြစ်ကြီးနားမြို့ခံ ရွှေတူးလုပ်ငန်းရှင်က ပြောသည်။

နယ်ခြားစောင့်တပ်အသွင်ပြောင်းခဲ့သည့် ကချင်ဒီမိုကရေစီသစ်တပ်မတော်မှ အငြိမ်းစား ယူမည့်သူများက တန်ဖိုး နည်း အိမ်ယာဆောက်လုပ်ရန် မကြာသေးမီလပိုင်းက ရွှေတူး လုပ်ငန်းရှင်များအား အလှူခံခဲ့ပြီး အလှူငွေ ထည့် ဝင်သူများကို ဦးစားပေးနေခြင်း ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

“အဲဒီတုန်းက (၂၅) သိန်းတို့၊ သိန်း(၁ဝဝ)တို့ ထည့်တဲ့သူတွေလည်း ရှိတယ်၊ အလှူငွေ များများထည့် တဲ့သူကျတော့ နေရာကောင်းရမှာပေါ့။ မြစ်ကြီးနားအထက် ကျိန်ခရမ် ကျေးရွာနဲ့ မြစ်ဆုံကြား မြစ် ကြောင်းတလျောက်မှာ ကိုယ်ကြိုက်တဲ့နေရာ ရှာလို့ရမှာပေါ့။ ရေဝပ်ဧရိယာက ဧက ခြောက်ထောင် ကျော် ရှိမယ်။ အခု စလုပ်နေကြပြီ။ ရောက်တဲ့သူတွေ ရောက်နေကြပြီ။”

ဝိုင်းမော်မြို့နယ်၊ မံတောင်ကျေးရွာရှိ လိမ္မော်ခြံများသည် ရေဝပ်မည့်ဧရိယာအတွင်း ကျရောက်နေ၍ ဆုံးရှုံးရ မည့်အတူတူ လွန်ခဲ့သည့်လအတွင်းက ရောင်းချပေးခဲ့ရာ ယခင် ကချင်ဒီမိုကရေစီသစ်တပ်မတော် ဥက္ကဌ ဦးဆခုံ တိန့်ယိန်း ဦးဆောင်သည့် ကချင်အထူး ဒေသ(၁)အဖွဲ့က ဝယ်ယူခဲ့ပြီး တရုတ်ကုမ္ပဏီများနှင့် ပူးပေါင်း၍လုပ်ကိုင် နေကြသည်။

(သတင်းမီဒီယာကွန်ယက်ဆိုဒ်ကနေတွေ့လို့ကူးပြီးဖော်ပြတာပါ.ကြည်လင်ရှင်းသန့်နေတဲ့မြစ်ရေတွေက..ဘယ်လိုတွေဖြစ်လာမှာလဲ.
.အရင်လိုကမ်းနားလမ်း.
ချစ်သူလမ်းတွေကသာယာပျော်ရွှင်ဖွယ်ကောင်းပါ့တော့မလား….)
….ချစ်တဲ့ဧရာတီရေ….)

မေခမလိခမြစ်ဆုံအလှ

ရှေ့ဆက်ပြီး……

ဇာတ်လမ်း အစကတော့
မျှော်လင့်ချက်အလင်းရောင်တွေ
ထိန်ထိန်ညီးနေတာပေါ့……….။

ခုတော့………..
မတည်ငြိမ်တဲ့ စိတ်က
အကောင်းမမြင်တတ်တဲ့
အတွေးတွေကို…..တဖြည်းဖြည်း
မဲညစ် အရောင်ဆိုး
အမှောင်ကျ စေခဲ့ပြီ…………..။

ချောင်ကျကျ တစ်နေရာရာမှာတော့
စိတ်ကူးယဉ်မှုက
အရင်လို ဆက်ပြီး ယဉ်နေတုန်းပဲ…….။ ။(၂၅.၇.၀၉)
ကမ်းလွန်ငှက်
ည(၁၁နာရီတိတိ)

သံယောဇဉ်……ဆိုးကျိုး

နက်နဲတဲ့ သံယောဇဉ်တွေရဲ့
နောက်ကွယ်မှာ……
ပူလောင်လှ တဲ့ခံစားမှုတွေ
ကပ်ပါလာတာကို မသိတာလား
မသိချင်ယောင်ဆောင် ခဲ့တာလား………….။

ဒေါသဖြစ်ပြီး ပြောထွက်သွားတဲ့
စကားလုံးတွေရဲ့ နောက်ကွယ်မှာ
ဝမ်းနည်းပြီး မျက်ရည်ကျတာကို
နင်မတွေ့မြင်စေရအောင်
ကျောပေးပြီး နေခဲ့တာပါ………………………..။

ဘယ်လို အကြောင်းအရာ
စိတ်ညစ်စရာ မျိုးနဲ့မှ
လူကြားထဲ လမ်းပလက်ဖောင်းပေါ်မှာ
မျက်ရည်ကျဖို့ မတွေးမိခဲ့တဲ့……ငါ
ကိုယ့်ကိုယ်ကို
ယုံကြည်မှုတွေ ရှိခဲ့တဲ့……ငါ
အတ္တတွေ ကြီးပြီး တစ်ကိုယ်ကောင်းဆန်
ဆိုးမိုက်ခဲ့တဲ့……ငါ

ဘာတွေဖြစ်နေလဲ……?
ဘယ်လိုတွေဖြစ်နေလဲ…..?
၂၂.၁၁.၀၉ (မွေးနေ့အမှတ်တရ)
ကမ်းလွန်ငှက်

လောကကြီးကကျီစားခြင်း

ယုံကြည်မထားတဲ့ ခံယူချက်တွေ
လုပ်မိမယ်မထင်တဲ့ လုပ်ဆောင်ချက်တွေ
မထင်မှတ်ထားတဲ့ အခြေအနေမှာ
ပြုလုပ်မိလိုက်တာ…..
‘ရန်ကုန်မိုး’ လိုပဲ……….။

ဝမ်းနည်းမိတယ်………….
ကိုယ်ပြောနေခဲ့တာတွေရဲ့
ဆန့်ကျင်ဘက်မှာ
ဒုက္ခနဲ့ ကြုံမှ
မာန်မာနတွေ ကျရှုံးပြီး
ယုံကြည်မှုတွေပျောက်ဆုံးရတာ
လောကရဲ့ ကျီစားမှုလား……….။

ဝဋ်လည်ပြီလား……………..
ခံစားချက်တွေကို ဟားတိုက်
အကြပ်တည်းတွေကို
ဥပေက္ခာ ပြု
ကိုယ့်တစ်ဖက်တည်းကိုကြည့်ပြီး
တစ်ကိုယ်ကောင်းဆန်
တစ်ဖက်သတ်ဆန် ခဲ့တာတွေအတွက်………..။ ။ (ကမ်းလွန်ငှက်) ၁.၉.၀၉
အင်္ဂါနေ့

အိမ်ဝေးသူရဲ့ခံစားချက်

အနာဂတ်ကို……
လက်ရှိစိတ်ကူးတွေနဲ့
တဖြည်းဖြည်းလှိမ့်သွားဖို့
ဘယ်လောက်……
မိဝေးဖဝေးနွေးထွေးမှုတွေနဲ့
ကင်းကွာနေရမှာလဲ ။ ။
ဘယ်လောက်…….
စိတ်ရဲ့ လွပ်လပ်မှု
အေးချမ်းသာယာမှုတွေနဲ့ဝေးပြီး
ယောင်ဝါးဝါး ဖြစ်နေတဲ့
ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ
အဖြေရှာမရတဲ့ စိတ်လေးပင်နေမှုတွေနဲ့
လူတွေကြားမှာကြုံတွေ့နေရတဲ့
ကိုယ့်ရဲ့လိုအပ်နေမှုတွေက
ဘယ်တော့ ပြီးပြည့်စုံလာမှာလဲ ။ ။
(ကမ်းလွန်ငှက်)